International News

အမေရိကန်သမ္မတက အမေရိကန်နိုင်ငံသာပဓာန ရင်းနှီးမြှုပ်နှံမှုမူဝါဒ ထုတ်ပြန်

Last Updated:

အမေရိကန်သမ္မတသည် ၂၀-၁-၂၀၂၅ ရက်နေ့တွင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးသည့်အချိန်မှစ၍ “အမေရိကန်နိုင်ငံသည်သာပဓာန” ဟူသော မူဝါဒအရ အမေရိကန်နိုင်ငံသားမိသားစုများ သာယာဝပြောရေး၊ အမေရိကန်နိုင်ငံ ပို၍အင်အားကြီးမားလာရေး၊  စီးပွားရေးအရ ခိုင်မာအားကောင်းလာစေရေးနှင့် နိုင်ငံသားများ၏ ဘေးကင်းလုံခြုံရေးတို့အတွက် အမေရိကန်နိုင်ငံသာပဓာနမူဝါဒ (America First Policy) နှင့် အမေရိကန်နိုင်ငံသာပဓာနကုန်သွယ်ရေးမူဝါဒ (America First Trade Policy) အပါအဝင်  စီးပွားရေးဆိုင်ရာ သမ္မတအမိန့်များ (Executive Orders)၊ သမ္မတဆောင်ရွက်ချက်များ (Presidential Actions) နှင့် ထုတ်ပြန်ချက်များကို ဆက်တိုက်ထုတ်ပြန်ချမှတ်လျက်ရှိပြီး ၂၁−၂−၂၀၂၅ ရက်တွင် အမေရိကန်နိုင်ငံသာပဓာနရင်းနှီးမြှုပ်နှံမှုမူဝါဒ (America First Investment Policy) ကို အကောင်အထည်ဖော်ရန်အတွက် စာချွန်လွှာထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

အမေရိကန်သမ္မတက ထုတ်ပြန်ခဲ့သည့် အမေရိကန်နိုင်ငံသာပဓာနရင်းနှီးမြှုပ်နှံမှုမူဝါဒ (America First Investment Policy) စာချွန်လွှာတွင် မူများနှင့် ရည်မှန်းချက် (Principles and Objectives)၊ မူဝါဒ (Policy)၊ အကောင်အထည်ဖော်ခြင်း (Implementation)၊ အဓိပ္ပါယ်ဖွင့်ဆိုချက် (Definition) နှင့် အထွေထွေပြဋ္ဌာန်းချက် (General Provisions) ဟူ၍ အပိုဒ် (၅) ပိုဒ်ဖြင့် ခွဲခြားဖော်ပြထားပြီး စာချွန်လွှာပါအချက်များတွင် အောက်ပါတို့ကို ဖော်ပြထားပါသည်-  

၁။   အမေရိကန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမူဝါဒသည် နိုင်ငံ၏အမျိုးသားလုံခြုံရေးနှင့် စီးပွားရေးအရ လုံခြုံမှုတို့အတွက် အရေးကြီးပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို လက်ခံကြိုဆိုခြင်းနှင့် အမေရိကန်နိုင်ငံ၏ ပုဂ္ဂလိကနှင့်အစိုးရရင်းနှီးမြှုပ်နှံမှုဈေးကွက်သည် နိုင်ငံတကာတွင် ဦးဆောင် ဦးရွက်ပြုနိုင်ရေး အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းသည် အမေရိကန်နိုင်ငံ ရွှေခေတ်သို့ရောက်ရှိ နိုင်ရေးအတွက် အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံ၏ မဟာမိတ်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်ခြင်းဖြင့် အမေရိကန်နိုင်ငံသားများအတွက် အလုပ်အကိုင်၊ တီထွင် ဆန်းသစ်မှုနှင့် စီးပွားရေးတိုးတက်စေရန် ပံ့ပိုးနိုင်မည်ဖြစ်ရာ ယင်းရင်းနှီးမြှုပ်နှံမှုများ လွယ်ကူ ချောမွေ့စေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

၂။   နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနောက်တွင် ကပ်ပါလာနိုင်သည့် ခြိမ်းခြောက်မှုအမျိုးမျိုးကို ကာကွယ်ရန် စွမ်းဆောင်ရည်မြှင့်တင်ခြင်းဖြင့်  အမေရိကန်နိုင်ငံသားများနှင့် အမေရိကန်နိုင်ငံ၏ စီးပွားရေးကို အကျိုးရှိစေမည့် ပွင့်လင်း၍ ခိုင်မာသော ရင်းနှီးမြှုပ်နှံမှုဝန်းကျင်တစ်ရပ်အဖြစ် ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း။

၃။   တရုတ်နိုင်ငံအပါအဝင် အမေရိကန်နိုင်ငံ၏ ပြိုင်ဖက်နိုင်ငံများသည် အဆင့်မြင့်နည်းပညာများ၊ မူပိုင်ခွင့်များ၊ မဟာဗျူဟာကျသည့် စက်မှုလုပ်ငန်းများ ရယူနိုင်ရေး အမေရိကန် ကုမ္ပဏီများနှင့် ပိုင်ဆိုင်မှုများတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် စနစ်တကျ ညွှန်ကြားလုပ်ဆောင်လျက်ရှိကြ ကြောင်း၊ တရုတ်နိုင်ငံသည် အမေရိကန်ကုမ္ပဏီများအား ၎င်းတို့၏အရေးပါသည့်အခြေခံ အဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံခွင့်မပြုသကဲ့သို့ အမေရိကန်နိုင်ငံကလည်း တရုတ်ကုမ္ပဏီ များအား အလားတူပြုလုပ်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ၎င်း၏တပ်မတော်၊ ထောက်လှမ်းရေးနှင့် လုံခြုံရေးဆိုင်ရာယန္တရားများကို အဆင့်မြှင့်တင်ရန် အမေရိကန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများအား အသုံးချမှုတိုးမြှင့်လာခဲ့ရာ ယင်းသည် အမေရိကန်နိုင်ငံ၏ ပြည်တွင်း၌သာမက ကမ္ဘာတစ်ဝှမ်းရှိ အမေရိကန်နိုင်ငံ၏စစ်အင်အားကိုပါ သိသာစွာ အန္တရာယ်ရှိစေကြောင်း။

၄။   အမေရိကန်အစိုးရသစ်သည် အောက်ပါမူဝါဒများကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်-

(က) တရုတ်နှင့် အခြားပြိုင်ဖက်နိုင်ငံများ သို့မဟုတ် အန္တရာယ်ရှိနိုင်သည့်အဖွဲ့အစည်းများ၏ နည်းပညာရယူရန်နှင့် အမြတ်ထုတ်ရန်လုပ်ဆောင်သည့် ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်ဆက်နွှယ်မှုမရှိသော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအပေါ် ကန့်သတ်မှုများ ဖြေလျော့ပေးသွားမည်။

(ခ) အဆင့်မြင့်နည်းပညာနှင့် အခြားအရေးပါသည့် နယ်ပယ်များရှိ အမေရိကန်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နေသည့်  မဟာမိတ်နှင့် မိတ်ဖက်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများကို ဖြေလျော့ပေးရန် “Fast-track” လုပ်ငန်းစဉ်များ ချမှတ်ကာ သင့်လျော်သည့် လုံခြုံရေးဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ခွင့်ပြုသွားမည်။

( ဂ) အမေရိကန်နိုင်ငံအတွင်း ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၁) ဘီလီယံကျော်သည့် မည်သည့်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစားကိုမဆို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သုံးသပ်မှုများ ပြုလုပ်သွားမည်။

(ဃ) အမေရိကန်ကုမ္ပဏီများနှင့်ရင်းနှီးမြှုပ်နှံသူများအား တရုတ်နိုင်ငံ၏စစ်ဘက်နှင့် အရပ်ဘက်သုံး မဟာဗျူဟာကျသည့် စက်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် ဟန့်တားသည့်လုပ်ထုံးလုပ်နည်းအသစ်ကို ထုတ်ပြန်၍ တရုတ်နိုင်ငံနှင့်ပတ်သက်ဆက်နွှယ်သည့် လူပုဂ္ဂိုလ်များက အမေရိကန်နိုင်ငံ၏အရေးပါသည့် စီးပွားရေးလုပ်ငန်းများနှင့် ပိုင်ဆိုင်မှုများကို ဝယ်ယူခြင်းမှ တားမြစ်သွားမည်။

(င) တရုတ်နိုင်ငံနှင့်ပတ်သက်ဆက်နွှယ်သည့်ပုဂ္ဂိုလ်များအား အမေရိကန်နိုင်ငံ၏ နည်းပညာကဏ္ဍ၊ အရေးပါသည့်အခြေခံအဆောက်အအုံ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စိုက်ပျိုးရေး၊ စွမ်းအင်၊ ကုန်ကြမ်းပစ္စည်းများထုတ်လုပ်မှု သို့မဟုတ် အခြားမဟာဗျူဟာကျသည့်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံခြင်းအား ကန့်သတ်ရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကော်မတီ (Committee on Foreign Investment in the United States, CFIUS)  အပါအဝင် အခြားလိုအပ်သည့် ဥပဒေဆိုင်ရာနည်းလမ်းများကို အသုံးပြုသွားမည်ဖြစ်ပါသည်၊

(စ) အမေရိကန်နိုင်ငံသားများသည် တရုတ်နိုင်ငံ၏ စစ်ဘက်သုံးစက်မှုလုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် တားမြစ်နိုင်ရေး လိုအပ်သည့်ဥပဒေဆိုင်ရာ နည်းလမ်းများကို အသုံးပြုသွားမည်ဖြစ်ပါသည်၊ ၁၉၈၄ ခုနှစ် အမေရိကန်-တရုတ် ဝင်ငွေခွန်သဘောတူစာချုပ် (1984 United States – The People’s Republic of China Income Tax Convention) ကို ဆိုင်းငံ့ရန် သို့မဟုတ် ရပ်စဲရန် ပြန်လည်သုံးသပ်သွားမည်။

(ဆ) အမေရိကန်နိုင်ငံသား ရင်းနှီးမြှုပ်နှံသူများ၏ စုဆောင်းငွေများကို အကာအကွယ်ပေးရန်နှင့် အမေရိကန်နိုင်ငံ၏ တိုးတက်မှုနှင့် သာယာဝပြော ရေးကို ဖော်ဆောင်နိုင်ရေး ဆောင်ရွက်သွားမည်။

၅။    အဆိုပါစာချွန်လွှာကို နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ ရှေ့နေချုပ်၊ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး၊ အလုပ်သမားဝန်ကြီး၊ စွမ်းအင်ဝန်ကြီး၊ အမိမြေလုံခြုံရေးဝန်ကြီး၊ သဘာဝ ပတ်ဝန်းကျင်ကာကွယ်ရေးအေဂျင်စီအုပ်ချုပ်ရေးမှူး၊ စီမံခန့်ခွဲရေးနှင့် ရသုံးမှန်းခြေငွေစာရင်းရုံး ညွှန်ကြားရေးမှူး၊ အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူး (Director of National Intelligence)၊ အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် (United States Trade Representative, USTR)၊ စီးပွားရေးအကြံပေးကောင်စီဥက္ကဋ္ဌ၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာမူဝါဒရေးရာရုံး ညွှန်ကြား ရေးမှူး၊ အမျိုးသားလုံခြုံရေးဆိုင်ရာ သမ္မတလက်ထောက်နှင့် ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို ညွှန်ကြားရေးမှူး (Director of The Federal Bureau of Investigation, FBI) တို့ထံသို့ ပေးပို့ခြင်း ဖြစ်ပြီး အမေရိကန်သာပဓာနရင်းနှီးမြှုပ်နှံမှု မူဝါဒကို လက်ရှိဥပဒေလုပ်ထုံးလုပ်နည်းနှင့် ပြည်တွင်း အစီအစဉ်များနှင့် ရသုံးမှန်းခြေငွေစာရင်းလုပ်ငန်းစဉ်များနှင့်အညီ အကောင်အထည်ဖော်ရန် ဖြစ်သည်။

အမေရိကန်သာပဓာနရင်းနှီးမြှုပ်နှံမှုမူဝါဒသည် အထူးသဖြင့် တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံ၏ ပြိုင်ဖက်များ (Foreign adversaries) ဖြစ်သည့် ဟောင်ကောင်နှင့် မကာအို အပါအဝင် တရုတ်၊ ကျူးဘား၊ အီရန်၊ မြောက်ကိုရီးယား၊ ရုရှားနှင့် ဗင်နီဇွဲလားနိုင်ငံတို့တွင် အမေရိကန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကို ကန့်သတ်ပိတ်ပင်ရေးနှင့် တရုတ်နိုင်ငံမှ ဝင်ရောက်လာမည့် ရင်းနှီးမြှုပ်နှံမှုများကို  ကန့်သတ်ရေး အဓိကဖော်ပြထားသည်ကို တွေ့ရှိရပြီး အမေရိကန်နိုင်ငံသားများ၏ ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေးအရလုံခြုံမှုနှင့် နိုင်ငံ၏အရေးကြီးသည့်ကဏ္ဍများတွင် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုမခံရစေရန် ကြိုတင်ဆောင်ရွက်ချက်အဖြစ် နိုင်ငံ၏ကိုယ်ကျိုးစီးပွားကာကွယ်မှု (Protectionism) မူဝါဒ တစ်ရပ် ဖြစ်သည့် အမေရိကန်နိုင်ငံသာပဓာနရင်းနှီးမြှုပ်နှံမှုမူဝါဒ စာချွန်လွှာကို အမေရိကန်သမ္မတက ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

Source: https://www.whitehouse.gov/presidential-actions/2025/02/america-first-investment-policy/

Category: International News